ဆရာစိုးနိုင် နှင့် ကျွန်တော်
ပန်းချီစိုးနိုင်၏ ဖန်တီးမှုများသည် အများနဲ့မတူ တမူထူးခြားဆန်းကြယ်ပြီး အတွေးပေါင်းမြောက်များစွာနှင့် ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်ပါသည်။ ပန်းချီကားရဲ့ အဓိပ္ပာယ်ဟာလည်း နက်ရှိုင်းလွန်းလှပါသည်။ သူ၏ ပန်းချီကားများထဲမှ ပုံသဏ္ဌာန် မျိုးစုံသော လူ၊ တိရိစ္ဆာန်နှင့် ဆန်းပြားသော သတ္တဝါလေးများသည် လူသားတို့၏ ဗီဇ၊ စရိုက်နှင့် စိတ်ဓာတ်မျိုးစုံကို သွယ်ဝိုက်၍ သရုပ်ဖော်ထားခြင်း ဖြစ်သည်။ သေချာစွာ စိုက်ကြည့် ခံစားမိသည့်အခါ အဆိုပါ သတ္တဝါလေးများ၏ မျက်နှာအမူအရာများတွင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသ၊ စိုးရိမ်ပူပန်ခြင်း၊ နွမ်းနယ်ခြင်းနှင့် မာန်မာနတို့သည် ပန်းချီကားချပ်ထက်တွင် သွက်လက်ချက်ချာစွာဖြင့် သက်ဝင်လှုပ်ရှားနေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။သတ္တဝါလေးများရဲ့ မျက်စိအစက်ကလေးများကအစ အသက်ဝင်ကာ အတွင်းစိတ် ခံစားချက် အဓိပ္ပာယ် အမျိုးမျိုးကိုဖော်ဆောင် ပေးနေ ပါသည်။
ဆရာစိုးနိုင်၏ မွေးရာပါ အနုပညာပါရမီနှင့် ရင့်ကျက်ကျွမ်းကျင်မှုတို့ကြောင့် ၎င်း၏ စုတ်ချက်၊ ဓားချက်များမှာ အံ့ဩမှော်ဆန်လွန်းလှပါသည်၊၊ ဆွဲချက်တစ်ချက်ချင်း စီတိုင်းတွင် အဖိအဖော့၊ အထူအပါး၊ အနုအရင့်နှင့် အပျော့အမာတို့ မျှတညီညွတ်လှပြီး အပိုအလိုမရှိဘဲ ပြည့်စုံကွက်တိ ရှိလှပါသည်။
အချို့သော ပန်းချီကားများ၌ အရောင်တစ်ရောင်တည်းကို သော်လည်းကောင်း၊ ဆန့်ကျင်ဘက်အရောင်များနှင့် ဆေးရောင်စုံတို့၏ ရောယှက်မှုကို သော်လည်းကောင်း အနေအထားနှင့် အလင်းအမှောင် အယူအဆတို့ဖြင့် ဟန်ချက်ညီလွန်းစွာ ဖန်တီး ထားသည်။ ကြည့်ရှုသူကို အကြိမ်ကြိမ်တိုင်းတွင် မတူညီသော အတွေးသစ်၊ ခံစားချက် အသစ်များဆီသို့ ခေါ်ဆောင်သွားတတ်ပြီး မည်သည့်အဓိပ္ပာယ်က အဆီလျော်ဆုံးဖြစ် မည်ကို စဉ်းစာဆင်ခြင် သုံးသပ်ရင်း အတွေးကမ္ဘာထဲတွင် ဈာန်ဝင်နစ် မျောသွား စေတတ်သည်။
ထိုပန်းချီကားများကို ကြည့်ရူခံစားရင်း ရှုပ်ထွေးလှသော လူ့လောကအကြောင်းကို ပိုမိုနားလည်လာကာ ဘဝအတွက် ဆောင်ရန်၊ ရှောင်ရန် အသိတရားများစွာ ရရှိလာမိသည်။ အကောင်းမြင်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် အသိညဏ်ပိုမို ပြည့်စုံလာစေသည့်အတွက် ၎င်းကို 'လောကနိယာမကို ဖော်ညွှန်းသည့် ပန်းချီကား' ဟု သတ်မှတ်လျှင် လွန်အံ့မထင်ပေ။
"ဆရာစိုးနိုင်၏ လက်ရာအချို့ကို ကမ္ဘာကျော် Neo-Expressionism အနုပညာရှင်ကြီးများဖြစ်ကြသည့် Willem de Kooning၊ Georg Baselitz နှင့် Jean-Michel Basquiat တို့၏ ဖန်တီးမှုပုံစံများနှင့် နှိုင်းယှဉ်၍ အကြမ်းဖျင်း ဆင်တူသည်ဟု ထင်မှတ်ရနိုင်ပါသည်။ သို့သော်လည်း အနုစိတ်၍ သေချာစွာ ခံစားကြည့်လျှင်မူ ဆရာစိုးနိုင်၏ တမူထူးခြားကွဲပြားသော ကိုယ်ပိုင်ဟန်နှင့် စစ်မှန်သော အနုပညာဝိညာဉ်ကို ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။
ဤခံစားချက်များသည် ကျွန်ုပ်၏ တစ်ကိုယ်ရေ အမြင်သက်သက်မျှသာ ဖြစ်သော်လည်း၊ လက်တွေ့တွင် ဆရာစိုးနိုင်၏ ပန်းချီကားများသည် အလွန်ထူးခြားဆန်းကြယ်လှပါသည်။ ၎င်းလက်ရာများသည် ကြည့်ရှုသူ တစ်ဦးချင်းစီ၏ အတွေးအမြင် ခံယူချက်နှင့် အသက်အရွယ်အလိုက်ဖြစ်စေဘို့ ဖြတ်သန်းခဲ့ရသော ဘဝနောက်ခံသမိုင်းတို့အပေါ် မူတည်၍ တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူကွဲပြားသော အဓိပ္ပာယ်ဖွင့်ဆိုချက် မျိုးစုံကို ပေးစွမ်းနိုင်စွမ်း ရှိပါသည်။
ပန်းချီကားကို ကြည့်ပြီး မိမိကြိက်နှစ်သက်ရာ မည်သည့် အဓိပ္ပာယ်ဖွင့်ယူ သည်ဖြစ်စေ အရေးကြီးဆုံးမှာ စိတ်ချမ်းမြေ့ ပျော်ရွှင်ဖို့သာ ဖြစ်ပါသည်။သူအမြင် နှင့် သူခံစားချက် နှင့်သူအားလုံး မှန်ကန်နေကြသည်ချည်း ဖြစ်ပါသည်၊၊ ဆုံးဖြတ်ချက် အဖြေသည် ကြည့်ရူသူပေါ်မှာပဲ ဖြစ်ပါသည်၊၊
ဆရာစိုးနိုင်၏ အနုပညာရှင်ဘဝမှာ အလွန်ရိုးရှင်းဖြူစင်လှ ပါသည်။ ဆယ်ကျော်သက် အရွယ်မှစ၍ အသက် (၆၃) နှစ် ကွယ်လွန်ချိန်အထိ ဘဝတစ်လျှောက်လုံး ကြုံတွေ ့ခဲ့ရသော အခက်အခဲဟူသမျှကို ပန်းချီအနုပညာတစ်ခုတည်းဖြင့် ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့်လည်း ဆရာ့လက်ရာများသည် ပြည်တွင်း၊ ပြည်ပ အနုပညာလောက တစ်ခု လုံး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး၊ မြန်မာ့ခေတ်ပြိုင်အနုပညာလောကအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များစွာ ချန်ရစ်ပေးခဲ့သည့် ဂုဏ်ယူဖွယ်ရာ ပါရမီရှင် (Genius) အနုပညာရှင်တစ်ဦးဟု တင်စားလျှင် လုံးဝမမှားနိုင်ပါ၊၊
ထွန်းအောင် (ဦး)
(ပန်းချီကားစုဆောင်းသူ)
(ဒါရိုက်တာ၊ OK အနုပညာပြခန်း)